Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /homepages/32/d401354840/htdocs/GHK_Update_2016/includes/menu.inc).

ဥက္ကဋ္ဌ၏ အိတ်ဖွင့်ပေးစာ

Chairman

စိုင်းအုန်းမြင့်

ဒါရိုက်တာများအဖွဲ့ ဥက္ကဋ္ဌ


This article is updated or modified on January 5, 2018


အစုရှယ်ယာရှင်များခင်ဗျား

၁။ နိဒါန်း

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်၏ တတိယ အကြိမ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ၊ ၂၉ ရက် နေ့တွင် ကျင်းပ ခဲ့ပါသည်။ မြန်မာ နိုင်ငံ ကုမ္ပဏီ အက်ဥပဒေ ပုဒ်မ-၇၆ (၁) အရ တတိယ အကြိမ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေး ကျင်းပ ပြုလုပ်သည့် နေ့မှ ပြက္ခဒိန် လ ၁၅ လ မကျော်လွန် စေဘဲ နောက်နှစ် အတွက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို ကျင်းပ ရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားချက် နှင့် အညီ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၏ စတုတ္ထ အကြိမ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေး ကြီးကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် နေ့တွင် ကျင်းပ ရခြင်း ဖြစ်ပါသည်။

ဤကာလကို ရွေးချယ် ကျင်းပ ရခြင်းမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်၏ ပထမ နှစ်ဝက် အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်း အခြေအနေများ နှင့် ဘဏ္ဍာရေး အခြေအနေ များကို တစ်ပါတည်း ထည့်သွင်း တင်ပြ သွားနိုင်ရန် ရည်ရွယ်ကြောင်း ပဏာမ အစီရင် ခံအပ်ပါသည်။

၂။ ပူးပေါင်းစီမံအုပ်ချုပ်မှုစနစ်

ကုမ္ပဏီ၏ စီးပွားရေး မျှော်မှန်းချက်၊ ရည်မှန်းချက် နှင့် မဟာဗျူဟာ များကို ဟန်ချက် ညီညီ ဖြင့် စီမံ အုပ်ချုပ် အကောင်အထည် ဖော်ဆောင် သွားနိုင်ရေး အတွက် ၂၀၁၆ ခုနှစ်တွင် BDO မှ မိမိတို့ ကုမ္ပဏီအား Internal Control Review ပြုလုပ်ခဲ့ပြီး သည့်နောက် ထပ်မံ ဖြည့်စွက်ရန် လိုအပ်လျက် ရှိသည့် စီမံ အုပ်ချုပ်မှု စနစ်များကို Trust Venture Partner နှင့် မိမိတို့ ကုမ္ပဏီ ပူးပေါင်းကာ မူဝါဒများ၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများ၊ တာဝန်နှင့် ဝတ္တရားများ စသည် တို့ကို တစ်နှစ် ဝန်းကျင်ကြာ ခန့် ရေးသား ပြုစု၍ ဒါရိုက်တာ အဖွဲ့၏ အတည်ပြုချက်ဖြင့် ပြဋ္ဌာန်းပြီး ကျင့်သုံးလျက် ရှိပါသည်။

၃။ တည်ဆောက်ရေးကန်ထရိုက်လုပ်ငန်း

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး ပထမနှစ်ဝက် အတွင်း တည်ဆောက်ရေး လုပ်ငန်း အခန်း ကဏ္ဍ တွင် ဒေသ အတွင်း စီမံကိန်း ဖော်ဆောင်မှု လုပ်ငန်းများ နည်းပါး သောကြောင့် မိမိတို့ ကုမ္ပဏီ အနေဖြင့်လည်း တည်ဆောက်ရေး ကန်ထရိုက် လုပ်ငန်းများမှာ ယခင် ဘဏ္ဍာရေးနှစ် များထက် လုပ်ငန်း ပမာဏ ထက်ဝက်ခန့် လျော့နည်း ဆောင်ရွက် ခဲ့ရပါသည်။ တစ်နှစ်ခွဲကျော် ကာလအတွင်း ကန်ထရိုက်တာ အနေ ဖြင့် ဆောင်ရွက် ခဲ့သည့် လုပ်ငန်းများမှာ -

(က) မူဆယ်ဗဟိုစီးပွားရေးဇုံစီမံကိန်း

နယူးစတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက်မှ ရင်းနှီးမြှုပ်နှံ အကောင်အထည် ဖော်သည့် ဧက ၃၀၀ ခန့် ကျယ်ဝန်းသည့် မူဆယ် ဗဟိုစီးပွားရေး ဇုန် စီမံကိန်း၏ အခြေခံ အဆောက်အအုံ နောက်တိုး လုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါသည်။

(ခ) ဒုတိယအကြိမ် သစ်သီးရောင်းကွင်း တိုးချဲ့ရေး စီမံကိန်း

အဆိုပါ စီမံကိန်းသည် ၁၀၅ မိုင်၊ နယ်စပ် ကုန်သွယ်ရေး ဇုန် အတွင်းတွင် တည်ရှိပြီး၊ သစ်သီး ကုန်တင်ယာဉ် တိုးပွားမှုနှုန်း များပြား လာသည်နှင့် အညီ အရှေ့မြောက်တံခါး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်မှ မိမိတို့ ကုမ္ပဏီအား Turnkey ကန်ထရိုက် စနစ်ဖြင့် လုပ်ငန်း အပ်နှံကာ သစ်သီး ရောင်းကွင်း တိုးချဲ့ရေး စီမံကိန်းကို ဒုတိယ အကြိမ် ရင်းနှီး မြှုပ်နှံ အကောင် အထည် ဖော်သည့် စီမံကိန်း ဖြစ်ပါသည်။

(ဂ) ရွှေလီ-၃ ရေအားလျှပ်စစ်စီမံကိန်း

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ရေအား လျှပ်စစ် အကောင်အထည် ဖော်ရေး ဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်လျက် ရှိသည့် တပ်ဆင် စက်အင်အား ၁၀၅၀ မဂ္ဂါဝပ်ရှိ ရွှေလီ-၃ ရေအား လျှပ်စစ် စီမံကိန်း၏ ရေလွှဲ ရေထုတ် ပြွန် သံကူ ကွန်ကရစ် သွန်းလောင်းခြင်း လုပ်ငန်းများကို မိမိတို့ ကုမ္ပဏီမှ ၂၀၁၅-၂၀၁၆ နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ၂ နှစ် ဆက်တိုက် တင်ဒါ အောင်မြင်ခဲ့ပြီး လုပ်ငန်း များကိုလည်း သတ်မှတ် စံချိန် စံညွှန်း၊ အရည်အသွေး နှင့် ကာလ အတွင်းတွင် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပါသည်။

၄။ နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်း သို့မဟုတ် ခိုင်မာသည့် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း

နမ့်ပေါ် ရေအား လျှပ်စစ် စီမံကိန်းသည် မိမိတို့ ကုမ္ပဏီ အတွက် အရေးပါသည့် ပထမဆုံး ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်မှ စတင်၍ စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း အကြို စူးစမ်း လေ့လာမှု များကို ဆောင်ရွက် ခဲ့ပါသည်။ စီမံကိန်း၏ ရည်ရွယ်ချက်များမှာ -

  • ဒေသခံ ပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်း ပိုမို ရရှိစေရန်
  • ဒေသ ဖွံ့ဖြိုးရေးကို အထောက်အကူ ပြုစေရန် နှင့်
  • ပြည်တွင်း လျှပ်စစ်ဓာတ်အား ဖူလုံမှုကို အထောက်အကူ ပြုစေရန် တို့ ဖြစ်သည်။

ယခုအခါ နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်း အတွက် ဖြစ်မြောက်နိုင်စွမ်း စူးစမ်း လေ့လာမှု နှင့် ဒီဇိုင်းပြုခြင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှု ဝန်းကျင် သက်ရောက်နိုင်ခြေ စူးစမ်း လေ့လာမှု၊ တမံ ကြံ့ခိုင်မှု ဆန်းစစ်ချက် နှင့် အရေးပေါ် ကြိုတင် ပြင်ဆင်မှု စီမံချက် စသည့် နည်းပညာပိုင်း ဆိုင်ရာများကို ဆောင်ရွက် ပြီးစီးခဲ့ပြီ ဖြစ်သကဲ့သို့၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်တို့ ထံမှ ရင်းနှီး မြှုပ်နှံ ခွင့် အသီးသီး ရရှိခဲ့ပြီး ဖြစ်သည့် အပြင် ထွက်ရှိလာသည့် ဓာတ်အားများကို နိုင်ငံတော်၏ မဟာ ဓာတ်အားလိုင်း သို့ ချိတ်ဆက် ရောင်းချ သွားမည် ဖြစ်ပါသည်။

ရင်းနှီး မြှုပ်နှံခွင့် သက်တမ်းမှာ ၅၀ နှစ် နှင့် နောက်တိုး သက်တမ်း ၁၀ နှစ်၊ ၂ ကြိမ် အပါအဝင် စုစုပေါင်း ၇၀ နှစ် လုပ်ကိုင်ခွင့် ရရှိထားသောကြောင့် နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်းသည် အာမခံချက် ရှိသော ခိုင်မာသည့် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းတစ်ခု ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

၀၇.၁၀.၂၀၁၄ -ရှမ်းပြည်နယ် အစိုးရ အဖွဲ့ နှင့် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ပါသည်။
၀၂.၁၁.၂၀၁၄ -Hunan Hydro & Power Design Institute, HHPDI သို့ စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း စူးစမ်း လေ့လာမှု လုပ်ငန်း နှင့် ဒီဇိုင်းပြု လုပ်ငန်းများကို အပ်နှံ ဆောင်ရွက် ခဲ့ပါသည်။
၂၅.၀၄.၂၀၁၅ -Myanmar Sustainable Development Engineering Services Co., Ltd (MSDES) သို့ သဘာဝ ပတ်ဝန်းကျင် နှင့် လူမှု ဝန်းကျင် သက်ရောက် နိုင်ခြေ စူးစမ်း လေ့လာခြင်း လုပ်ငန်းများကို အပ်နှံ ဆောင်ရွက် ခဲ့ပါသည်။
၁၈.၁၁.၂၀၁၅ -ဂျာမနီနိုင်ငံ၊ SYDRO Consult Co., Ltd. သို့ Dam Safety Analysis & Emergency Preparedness Plan လုပ်ငန်းများကို အပ်နှံ ဆောင်ရွက် ခဲ့ပါသည်။
၁၆.၀၃.၂၀၁၆ -လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအား စီမံရေး ဦးစီးဌာန နှင့် ကုမ္ပဏီ အကြား B.O.T စနစ်ဖြင့် ရင်းနှီး မြှုပ်နှံ အကောင် အထည် ဖော်ဆောင်ရန် ပဋိညာဉ် စာချုပ် လက်မှတ် ရေးထိုး ခဲ့ပါသည်။
၀၄.၀၄.၂၀၁၆ -တမံ ဧရိယာ အတွင်း စီမံကိန်း အကောင် အထည် ဖော်ရာတွင် အသုံးပြုမည့် မြေ ၁၇၉ ဧက ကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲရေး ဗဟို ကော်မတီ မှ အခြားနည်း အသုံးပြုခွင့် ရရှိခဲ့ပါသည်။
၂၅.၀၅.၂၀၁၇ -မြန်မာ နိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်မှ စီမံကိန်းအား ရင်းနှီး မြှုပ်နှံ ခွင့်ပြုမိန့် အမှတ် မနသ-၁၂၄၉/၂၀၁၇ ဖြင့် ခွင့်ပြုခဲ့ပါသည်။
၂၆.၁၀.၂၀၁၇ -လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း နှင့် မိမိတို့ ကုမ္ပဏီ အကြား ဓာတ်အား ဝယ်ယူရေး စာချုပ်ကိစ္စ ညှိနှိုင်း အစည်းအဝေးတွင် ဓာတ်အား ဝယ်ယူရေး စာချုပ် သက်တမ်းကို နှစ် ၅၀ ဖြင့် လည်းကောင်း၊ ဓာတ်အားခ ဈေးနှုန်းကို နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ဓာတ်အားခ သတ်မှတ်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်ဝက် အထိ စီမံကိန်း အကြို အင်ဂျင်နီယာ လုပ်ငန်းများ ဖြစ်သည့် ၄.၅ ကီလိုမီတာ အရှည် စီမံကိန်း ချဉ်းကပ် လမ်း၊ တန် ၆၀ ခံနိုင်ဝန်ရှိ ခန်းဖွင့် ၃၀ မီတာ ဘေလီ တံတား၊ အချင်း ၁ မီတာရှိ သံကူ ကွန်ကရစ် ရေပြွန် ၄ စင်း၊ စီမံကိန်း အတွင်းလမ်းများ စသည်တို့ကို တည်ဆောက် ပြီးစီးခဲ့ ပါသည်။

ယခု အစီရင်ခံသည့် ကာလတွင် မူဆယ် ဓာတ်အားခွဲ ရုံမှ ၆ ကီလိုမီတာ ကွာဝေးသည့် ၆၆ ကေဗွီ မဟာဓာတ်အားလိုင်း၊ စီမံကိန်းရုံး၊ ရှင်းလင်းဆောင်၊ ရိပ်သာ၊ စက်ပြင်အလုပ်ရုံ၊ ဝန်ထမ်းဆောင်၊ စတို၊ ကွန်ကရစ် ဖျော်စက် စသည့် ကျန်ရှိ အကြို အင်ဂျင်နီယာ လုပ်ငန်းများကို ဆက်လက် တည်ဆောက်လျက် ရှိပါသည်။

ဘဏ္ဍာရေး စီမံ ခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက် ပြီးစီးပါက တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်၍ ဒီဇိုင်း စံချိန် စံညွှန်းနှင့် အညီ ၂ နှစ်ခွဲ ကာလ အတွင်း အပြီး တည်ဆောက် သွားမည် ဖြစ်ပါသည်။

၅။ ရန်ကုန် စတော့အိတ်ချိန်းသို့ စာရင်းဝင်နိုင်ရေး ပြင်ဆင်မှု အခြေအနေ

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၉ ရက်နေ့ ရန်ကုန် စတော့အိတ်ချိန်း ဖွင့်ပွဲ နေ့တွင် မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်မှ မိမိတို့ ကုမ္ပဏီသည် ရန်ကုန် စတော့ အိတ်ချိန်းသို့ စာရင်း ဝင်နိုင်သည့် အလားအလာ ရှိသော ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း ကြေညာခဲ့ ပြီးသည့် နောက် မိမိတို့ အနေဖြင့် ရန်ကုန် စတော့ အိပ်ချိန်းသို့ စာရင်း ဝင်နိုင်ရေး ပြင်ဆင်မှုများ ဖြစ်သော Due Diligence, Internal Control Review, Corporate Governance ဆိုင်ရာ ကိစ္စရပ်များကို စတင် ဆောင်ရွက် ခဲ့ပါသည်။

သို့သော် အစိုးရ အဖွဲ့အသစ် စတင် လွှဲပြောင်း တာဝန်ယူသည့် ကာလဖြစ်ခြင်း နှင့် မြန်မာ နိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်အား ပြန်လည် ဖွဲ့စည်းသည့် ကာလ ဖြစ်ခြင်း စသည်တို့နှင့် တိုက်ဆိုင် နေသဖြင့် နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်း အတွက် ရင်းနှီး မြှုပ်နှံမှု ခွင့်ပြုမိန့် လျှောက်ထားသည့် ကိစ္စ တွင် ၆ လခန့် ကြန့်ကြာခဲ့ကာ ၂၀၁၇ ခုနှစ်၊ မေလမှ သာလျှင် ရင်းနှီး မြှုပ်နှံမှု ခွင့်ပြုမိန့်ကို ရရှိ ခဲ့ပါသည်။

ထို့ကြောင့် လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းနှင့် ဓာတ်အား ဝယ်ယူရေး သဘောတူ စာချုပ် ချုပ်ဆိုမည့် ကိစ္စသည်လည်း အလို အလျောက် နောက်ကျ ခဲ့ရပါသည်။ ဓာတ်အား ဝယ်ယူရေး သဘောတူ စာချုပ်ကို ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၁၈ ခုနှစ်၊ နှစ်ဦးပိုင်းတွင် လက်မှတ် ရေးထိုး ချုပ်ဆိုနိုင်ရန် ဆောင်ရွက် ထားပါသည်။

စာချုပ် ချုပ်ဆိုပြီးပါက လုပ်ငန်း တန်ဘိုးသင့်ခြင်း နှင့် လုပ်ငန်း အလားအလာ ညွှန်းတမ်းတို့ကို ရေးဆွဲကာ မြန်မာ နိုင်ငံ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SECM)နှင့် ရန်ကုန် စတော့ အိတ်ချိန်း (YSX) ထံသို့ စိစစ်ခံရန် တင်ပြပြီး၊ ၂၀၁၈ ခုနှစ်၊ ပထမ သုံးလပတ် အတွင်း အတည်ပြုချက် ရရှိစေရန် နှင့် စာရင်းဝင် ကုမ္ပဏီ ဖြစ်စေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

၆။ အနာဂတ်စီမံချက်များ

အနာဂတ် အတွက် စီးပွားရေး စီမံချက် များကို ကုမ္ပဏီ၏ စီးပွားရေး မဟာဗျူဟာ ဖြစ်သော အခြေခံ အဆောက်အအုံ လုပ်ငန်းများ အပြင် လုပ်ငန်း သဘောသဘာဝ ချင်း မတူသော်လည်း ကုမ္ပဏီ၏ ဘဏ္ဍာရေး အခြေအနေကို အပြန်အလှန် အထောက်အပံ့ ပေးနိုင်မည့် ကုန်သွယ်ရေး လုပ်ငန်းများ အပါအဝင် အောက်ပါ လုပ်ငန်းကဏ္ဍ များကို အကြို ဖြစ်မြောက်နိုင်စွမ်း စူးစမ်း လေ့လာခြင်း၊ ဘဏ္ဍာရေး ဆိုင်ရာ ဆန်းစစ်မှု ပြုလုပ်ခြင်း၊ စီးပွားရေး မိတ်ဖက် ရှာဖွေခြင်း စသည့် စီးပွားရေး ဖွံ့ဖြိုးမှု လုပ်ငန်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက် ရှိပါသည်။

(က)ရှမ်းပြည်နယ်အတွင်းရှိ အသေးစားနှင့် အလတ်စား ရေအားလျှပ်စစ်စီမံကိန်းများ
(ခ)တိုင်းဒေသကြီး/ပြည်နယ်အစိုးရတို့နှင့် အကျိုးတူ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ
(ဂ)ဟိုတယ်နှင့် အိမ်ယာစီမံကိန်းများ
(ဃ)တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း
(င)နယ်စပ်ကုန်သွယ်ရေး ပို့ကုန်/သွင်းကုန်လုပ်ငန်း

၇။ ဘဏ္ဍာရေးဆိုင်ရာကဏ္ဍ

၂၀၁၆ ခုနှစ်၊ အစု ရှယ်ယာရှင်များ၏ တတိယ အကြိမ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေး ဆုံးဖြတ်ချက် အရ ယခင် ခွင့်ပြု မတည်ငွေရင်း ကျပ်သန်း ၅,၀၀၀ အစား၊ ကျပ်သန်း ၃၀,၀၀၀ အထိ တိုးမြှင့်သည့် ကိစ္စနှင့် ယခင် အစုရှယ်ယာ တစ်စောင်လျှင် ကျပ် ၁၀၀,၀၀၀ တန်အစား၊ ကျပ် ၁,၀၀၀ တန်သို့ ခွဲခြမ်း တန်ဖိုးသတ်မှတ်ခြင်း ကိစ္စတို့အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တွင် ရင်းနှီး မြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ အတည်ပြုချက် များကို ရရှိ ခဲ့ပါသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကုန်ဆုံးချိန်တွင် ကုမ္ပဏီ၏ ဘဏ္ဍာရေး အခြေအနေ အကျဉ်းချုပ်ကို အောက်ပါ အတိုင်း တင်ပြအပ်ပါသည်။ ကုမ္ပဏီသည် ရင်းနှီး မြုပ်နှံမှု လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက် နေရသဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွက် ရှယ်ယာရှင်များသို့ အမြတ်ဝေစု ခွဲဝေပေးမည် မဟုတ်ပါ။

- ကုမ္ပဏီ၏အသား တင်ပိုင်ဆိုင်မှု-၁၇,၅၄၅.၅၈ ကျပ်သန်း
- ကုမ္ပဏီ၏ ဖယ်ချန်ထားသော အမြတ်ငွေစုစုပေါင်း-၁,၁၄၉.၇၈ ကျပ်သန်း
- ရှယ်ယာတစ်စောင်၏ စာရင်းတန်ဖိုး-၂,၄၆၇.၉၀ ကျပ်

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ပထမ ၆ လပတ် စာရင်းကာလ အတွက် စီမံအုပ်ချုပ်မှု အဖွဲ့၏ ဘဏ္ဍာရေး အစီရင်ခံမှု အခြေအနေ အကျဉ်းချုပ်ကို အောက်ပါအတိုင်း တင်ပြ အပ်ပါသည်။

- ကုမ္ပဏီ၏အသား တင်ပိုင်ဆိုင်မှု-၁၇,၈၁၈.၅၀ ကျပ်သန်း
- ကုမ္ပဏီ၏ ဖယ်ချန်ထားသော အမြတ်ငွေစုစုပေါင်း-၁,၄၂၀.၆၈ ကျပ်သန်း
- ရှယ်ယာတစ်စောင်၏ စာရင်းတန်ဖိုး-၂,၅၀၆.၂၉ ကျပ်

၈။နိဂုံး

အစု ရှယ်ယာရှင်များ နှင့် ဘဏ္ဍာရေး ရှင်းတမ်း အသုံးပြုသူများ ထံသို့ -

နိဂုံးချုပ် အားဖြင့် တင်ပြ လိုသည်မှာ မိမိတို့ ကုမ္ပဏီသည် အပြန်အလှန် ထိန်းကျောင်းမှု ရှိသည့် ပူးပေါင်း စီမံ အုပ်ချုပ်မှု စနစ်ကို ခေတ်နှင့် လျော်ညီသော အတိုင်းအတာ အထိ ကြိုးစား တည်ဆောက် ကျင့်သုံး နေသဖြင့် အစု ရှယ်ယာရှင်များ အတွက် ကောင်းမွန်သော အကျိုး ရလဒ်များကို ပိုမို ဖော်ဆောင် လာနိုင်မည် ဖြစ်ပါသည်။

မိမိတို့ ကုမ္ပဏီသည် ဆောက်ရွက်ခဲ့သော လုပ်ငန်း အတွေ့အကြုံများ အပေါ် အခြေခံ၍ အကျိုးအမြတ် ခိုင်မာ သေချာသည့် နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်းကို အောင်မြင်စွာ စီမံ ခန့်ခွဲ နိုင်မည် ဖြစ်ပါသည်။

ရန်ကုန် စတော့ အိတ်ချိန်းသို့ စာရင်းဝင် ကုမ္ပဏီ အဖြစ် ဝင်ရောက်ရေး သည်လည်း လက်တစ်ကမ်း အလို ရောက်ရှိနေပြီ ဖြစ်၍ အစု ရှယ်ယာရှင်များ ဝမ်းမြောက်ဖွယ် ဖြစ်ပါသည်။ ရှေ့ လုပ်ငန်းစဉ်များ အတွက် မဟာဗျူဟာများ ချမှတ်ထားပြီး ဖြစ်၍ ကုမ္ပဏီသည် တစ်နှစ်ထက် တစ်နှစ် ပိုမို တိုးတက် လာမည် ဖြစ်ပါသည်။

ဘဏ္ဍာရေး ဆိုင်ရာ အခြေအနေများ ကိုလည်း ပွင့်လင်း မြင်သာစွာ တင်ပြထားခြင်း ဖြစ်၍ အစု ရှယ်ယာရှင်များ အနေဖြင့် မိမိတို့ ကုမ္ပဏီ၏ ရိုးသားမှု အပေါ် များစွာ ဂုဏ်ယူဖွယ် ဖြစ်ပါသည်။ ကုမ္ပဏီ၏ ရှေ့ခရီးသည် အကြံပေး အဖွဲ့၏ တန်ဖိုး ကြီးမား လှသော အကြံဉာဏ်များ၊ ဒါရိုက်တာအဖွဲ့၊ စီမံခန့်ခွဲမှု အဖွဲ့ နှင့် ဝန်ထမ်း အားလုံးတို့၏ တက်ညီ လက်ညီ ကြိုးပမ်းမှု များဖြင့် အစု ရှယ်ယာရှင်များ နှင့် အများ ပြည်သူ အတွက် ပိုမို ကောင်းမွန်သော ဘဝများကို ဖန်တီး နိုင်မည်မှာ မုချဧကန် ဖြစ်ပါသည်။