ဥပဒေအကြံပေး၏ အိပ်ဖွင့်ပေးစာ

UTheinShwe

ဦးသိန်းရွှေ
တာဝန်ခံ
ဥပဒေအကြံပေးအဖွဲ့

၁။ နိဒါန်း

ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်ကို မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီ မှတ်ပုံတင်လက်မှတ် ၃၀၁၀/၂၀၁၂-၂၀၁၃ ဖြင့် မှတ်ပုံတင်ခွင့်ပြုချက်ရရှိခဲ့ပါ သည်။ လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ်ကို ၁၈-၁၂-၂၀၁၂ နေ့တွင် ၁၃/၂၀၁၂-၂၀၁၃ ဖြင့် ထုတ်ပေးပြီး မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ ၇၇ အရ Statutory Meeting ကို ၁၅-၆-၂၀၁၃ နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ပထမအကြိမ် အထွေအထွေနှစ်ပတ်လည်အစည်းအဝေးကို ၂၀၁၄ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကြိမ် အထွေထွေ နှစ်ပတ်လည်အစည်းအဝေးကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ ၇၆ အရ ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ ၂၉-၈-၂၀၁၆ နေ့တွင် တတိယအကြိမ် အထွေထွေ နှစ်ပတ်လည်အစည်းအဝေးကြီးကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါသည်။

၂။ ဥပဒေအကြံပေးအဖွဲ၏ ဆောင်ရွက်ချက်

ဥပဒေအကြံပေးအဖွဲ့သည် ကုမ္ပဏီမှတ်ပုံမတင်မီကပင် ဒါရိုက်တာအဖွဲ့များ ၏ မေတ္တာရပ်ခံချက်အရ ဥပဒေဆိုင်ရာကိစ္စရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက် နိုင်ရန်အကြံပေး ဆောင်ရွက်ခဲ့ပါသည်။ အထူးသဖြင့် နိုင်ငံတော်နှင့်အများ ပြည်သူအကျိုးဆောင်ရွက်နိုင်ရန် ကုမ္ပဏီကို အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်း မှတ်ပုံတင်ရန် တိုက်တွန်းအကြံပေးဆောင်ရွက်ခဲ့ပါသည်။ ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်၏ စီးပွားရေးလုပ်ငန်းများကို ဒါရိုက်တာအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ စာရင်းများကို တိကျမှန်ကန်စေရန် ဥပဒေအကြံပေး အဖွဲ့နှင့် ပြင်ပစာရင်းစစ်အဖွဲ့တို့ပါဝင်ပြီး ကုမ္ပဏီရုံးတည်ရှိရာ မူဆယ်မြို့တွင်လည်းကောင်း၊ ရန်ကုန်မြို့တွင်လည်းကောင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို ပြုလုပ်ဆွေးနွေးဆောင်ရွက်သကဲ့သို့ လိုအပ်ပါက တယ်လီ ဖုန်းဖြင့်လည်းကောင်း၊ E-mail ဖြင့်လည်းကောင်း မေးမြန်းချက်များကို ဥပဒေ နှင့်အညီ အကြံပေးခဲ့ပါသည်။

၃။ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းတိုးတက်အောင်မြင်မှု

ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုင်းအုန်းမြင့် ဦးဆောင်သော ဒါရိုက်တာအဖွဲ့သည် လုပ်ငန်းကျွမ်းကျင်ခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ ဥပဒေပညာရှင်၊ စီးပွားရေးပညာရှင်၊ ဘူမိဗေဒ ပညာရှင်၊ အင်ဂျင်နီယာပညာရှင် အစရှိသည့်ကျွမ်းကျင်ပညာရှင်များနှင့် စဉ်ဆက်မပြတ်ဆွေးနွေး အကောင်အထည်ဖော်ဆောင်ရွက်ကြသဖြင့် ၃ နှစ် ကာလခန့်တွင် အောက်ပါ ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ပါသည်။

(၁) ကုမ္ပဏီ၏ စီးပွားရေးတိုးတက်ကောင်းမွန်ပြီး အမြတ်ဝေစုများကို နှစ်စဉ်အစုရှယ်ယာရှင်များသို့ ခွဲဝေပေးနိုင်ခြင်း၊ အခွန်အခများကိုလည်း အများဆုံးပေးဆောင်နိုင်သော နိုင်ငံတော်က စံပြုသည့်စာရင်းတွင် ပါဝင်ခြင်း။
(၂) ဈေးကွက်စီးပွားရေးတွင် မြန်မာနိုင်ငံ၏ အများပိုင်ကုမ္ပဏီ ၂၁၀ ခန့်အနက် ငွေချေးသက်သေခံလက်မှတ်ရောင်းချ ခွင့်ရှိသည့် ကုမ္ပဏီ ၆ ခု စာရင်းတွင်ပါဝင်ခြင်း။
(၃) မဂ္ဂါဝပ် ၂၀ ထုတ်လုပ်နိုင်မည့် နမ့်ပေါ်ရေးအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာနနှင့် ပဋိညာဉ်စာချုပ် (MOA) ချုပ်ဆိုနိုင်ခဲ့ခြင်း။

၄။ ခွင့်ပြုမတည်ရင်းနှီးငွေ တိုးမြှင့်ခြင်း

ယခုအခါ နမ့်ပေါ်ရေအားလျှပ်စစ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုမိန့်ရရန် တင်ပြဆောင်ရွက်လျက်ရှိပါသည်။ ကုမ္ပဏီ၏ ခွင့်ပြုမတည်ရင်းနှီးငွေကိုလည်း လုပ်ငန်းနှင့် လျော်ညီအောင် ယခင်ခွင့်ပြုမတည်ငွေ ကျပ်သိန်းပေါင်း ငါးသောင်းမှ ကျပ်သိန်းပေါင်း သုံးသိန်းအထိ တိုးမြှင့်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ ခွင့်ပြုချက်ရရှိရန်တင်ပြပြီးဖြစ်ပါသည်။

၅။ အကြံပြုတင်ပြချက်

(၁) ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရရှိရန်အတွက် ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်သည် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်း Build, Operate and Transfer (B.O.T) စနစ်ဖြင့် ပဋိညာည်စာချုပ် ချုပ်ဆိုထားသဖြင့် လိုအပ်ပါက စာချုပ်ပါပဋိညာဉ်အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ အခက်အခဲရှိပါက ကျိုးကြောင်းပြ၍ အကူအညီတောင်းခံရန်။
(၂) စတော့ရှယ်ယာဈေးကွက်၏ ငွေချေးသက်သေခံလက်မှတ်ကို ဥပဒေနှင့်အညီ ပြည်သူများသို့ ရောင်းချရန်အတွက် လိုအပ်သော ပြင်ဆင်မှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်ကြိုးစား အားထုတ်လုပ်ကိုင်ကြရန်။
(၃) ဂရိတ်ဟော်ခမ်းအများပိုင်ကုမ္ပဏီအနေဖြင့် ကုမ္ပဏီလုပ်ငန်းများအား နိုင်ငံတကာအဆင့်မီ ကောင်းမွန်သော လုပ်ငန်းအရည်အသွေး၊ မျှတသော မူဝါဒစည်းမျဉ်းများနှင့် လုပ်ကိုင်ဆောင်ရွက်ရန် ဒါရိုက်တာအဖွဲ့မှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြရန်။
(၄) ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီတွင် ဥပဒေပညာရှင်၊ ဘူမိဗေဒပညာရှင်၊ စီးပွားရေးပညာရှင်၊ စာရင်းပညာရှင်၊ အင်ဂျင်နီယာကျွမ်းကျင်ပညာရှင်စသဖြင့် ပညာရှင်များပါဝင်သောဦးဆောင်အတိုင်ပင်ခံအဖွဲ့ ဖွဲ့စည်း၍ လမ်းညွှန်မှု ခံယူကာ ဆောင်ရွက်ကြရန်။
(၅) အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

၆။ နိဂုံး

ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်သည် ကုမ္ပဏီ၏ စီးပွားရေးများကို အချိန်တိုကာလအတွင်း ကြိုးပမ်း ဆောင်ရွက်နိုင်သည့်အတွက် ထူးခြားသည့်အောင်မြင်မှုများစွာရရှိခဲ့ပြီး နောင်နှစ်များတွင်လည်း ပိုမိုထူးခြားသော တိုးတက် အောင်မြင်၏မှုများကို ဆုပ်ကိုင်၍ ထွန်းသစ်စနေဝန်း၊ တက်သစ်စလပမာ ထူးခြားပြောင်မြောက်စွာ အောင်မြင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။