ပူးပေါင်းစီမံအုပ်ချုပ်မှုစနစ်

This article is created or updated on January 6, 2018

ပူးပေါင်းစီမံအုပ်ချုပ်မှုစနစ်ဟူသည်

ပူးပေါင်းစီမံအုပ်ချုပ်မှု စနစ် (Corporate Governance) ဆိုသည်မှာ ကုမ္ပဏီတစ်ခု သို့မဟုတ် အဖွဲ့အစည်း တစ်ခုကို ထိန်းချုပ် လမ်းညွှန်ရန်နှင့် စီမံ အုပ်ချုပ်ရန် အတွက် လိုအပ်သော စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများနှင့် တာဝန် ဝတ္တရား ဖော်ပြချက်များ ပင်ဖြစ်သည်။ ယင်းသည် ကုမ္ပဏီ၏ ဒါရိုက်တာ ဘုတ်အဖွဲ့၊ စီမံ ခန့်ခွဲမှု အဖွဲ့နှင့် ရှယ်ယာရှင်များ၊ ဝန်ထမ်းများ၊ ဖောက်သည်များ၊ ပစ္စည်း ပေးသွင်းသူများ၊ ဘဏ္ဍာရေး ပံ့ပိုးပေးသူများ၊ အစိုးရ အဖွဲ့အစည်းနှင့် လူမှု အသိုင်းအဝိုင်းများ စသည့် ကုမ္ပဏီ၏ ပါဝင်ပတ်သက်သူ (stakeholders) များအကြား တရား မျှတမှုကို ဖော်ဆောင် ပေးစွမ်းနိုင်သည့် စနစ် ဟူ၍လည်း ဆိုနိုင်သည်။ ပူးပေါင်း စီမံ အုပ်ချုပ်မှု စနစ်သည် ကုမ္ပဏီ၏ ရည်မှန်းချက် ပန်းတိုင်များသို့ ရောက်စေနိုင်ရေး အတွက် လိုအပ်သော မူဘောင်များ ကိုလည်း ပံ့ပိုး ပေးခြင်းကြောင့် ယင်းသည် စီမံချက်များမှ အစ ထိန်းချုပ်မှု၊ အုပ်ချုပ်မှု၊ စွမ်းရည် အကဲဖြတ်မှုနှင့် ပွင့်လင်း မြင်သာမှုများ သို့အထိ ကုမ္ပဏီ၏ စီမံခန့်ခွဲမှု စနစ်များ အားလုံးကို လွှမ်းခြုံသည်။

ပူးပေါင်းစီမံအုပ်ချုပ်မှုစနစ်၏ အရေးပါမှု

ကုမ္ပဏီ တစ်ခုတွင် ခိုင်မာသော စီမံ အုပ်ချုပ်မှု စနစ် မရှိပါက သို့မဟုတ် စီမံ အုပ်ချုပ်မှု စနစ်သည် အရာရှိ တစ်ဦး တစ်ယောက်၏ ပါးစပ်ဖျားတွင်သာ ရှိနေပါက ထိုအရာရှိ မရှိသော အခါမျိုးတွင် အခြားလူအတွက် လုပ်ထုံး လုပ်နည်းများကို နားမလည်တော့ဘဲ ကုမ္ပဏီ၏ လုပ်ငန်း လည်ပတ်မှုများ ရပ်တန့်သွားစေနိုင်သည်။ ယင်းကဲ့သို့သော ဆုံးရှုံးနိုင်ခြေ အဖြစ်မျိုး မဖြစ်စေရေး အတွက် ပူးပေါင်း စီမံ အပ်ချုပ်မှု စနစ်ကို အခိုင်အမာ ပြုစုပြီး အရာရှိတိုင်း၊ ဝန်ထမ်းတိုင်းသည်လည်း မိမိနှင့် သက်ဆိုင်သော မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်း စည်းကမ်းများကို ကောင်းမွန်စွာ နားလည် သဘောပေါက် ထားရန် ဆောင်ရွက်ဖို့ တာဝန်ရှိသည်။

ဂရိတ်ဟော်ခမ်းသည် အများပိုင် ကုမ္ပဏီအဖြစ် စတင်တည်ထောင်စဉ် ကတည်းကပင် ပူးပေါင်း စီမံ အုပ်ချုပ်မှု စနစ်၏ အရေးကြီးပုံကို ကောင်းမွန်စွာ သဘောပေါက် နားလည်ခဲ့သည်။ ကုမ္ပဏီ၏ ပါဝင်ပတ်သက်သူ (stakeholders) များ အကြား တရား မျှတမှုကို ဖော်ဆောင်ပေးနိုင်မှု၊ အစု ရှယ်ယာရှင် အားလုံး၏ အကျိုးအမြတ်ကို ကာကွယ်ပေးနိုင်မှု၊ လုပ်ငန်းများ လုပ်ကိုင်ရာတွင် ရေတို ရေရှည် ကြည့်ပြီး လျော်ကန်သော ကျင့်ဝတ်နှင့် ဆောင်ရွက်မှု စသည်ဖြင့် ကောင်းမွန် ပြည့်စုံသော စီမံ အုပ်ချုပ်မှု စနစ်ကို လက်ကိုင်ပြုပြီး စီမံ အုပ်ချုပ်သော ဒါရိုက်တာ အဖွဲ့သည် အစု ရှယ်ယာရှင်များ၊ ရင်းနှီး မြှုပ်နှံသူများနှင့် လုပ်ဖော် ကိုင်ဖက်များ အတွက် ယုံကြည် စိတ်ချမှု ပိုမို ပေးစွမ်းနိုင်သည်ဟု မိမိတို့ ယုံကြည်သည်။ ထို့ကြောင့်ပင် ဤပူးပေါင်း စီမံ အုပ်ချုပ်မှု စနစ် အတတ်နိုင်ဆုံး ပြီးပြည့်စုံစေရေး အတွက် အစဉ် ကြိုးပမ်း ဆောင်ရွက် လာခဲ့သည်။

၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်မှ ရန်ကုန် စတော့ အိတ်ချိန်းသို့ ဝင်ရောက်နိုင်ရန် အလားအလာ ရှိသည့် ကုမ္ပဏီ ၆ ခုကို စတင် ကြေညာရာတွင် မိမိတို့ ကုမ္ပဏီကလည်း တစ်ခု ပါဝင်နိုင်ခဲ့သည် ဖြစ်ရာ ပူးပေါင်း စီမံ အုပ်ချုပ်မှု စနစ်ကို အချိန်မီ မြန်ဆန်စွာ ပိုမို ပြီးပြည့်စုံအောင် အထူးလိုအပ်လာပါသည်။

ဟာကွက်များ ဖြည့်တင်းခြင်း

အဆိုပါ ကုမ္ပဏီ၏ ပူးပေါင်း စီမံ အုပ်ချုပ်မှု စနစ်တွင် အားနည်းချက်များ၊ လိုအပ်ချက်များနှင့် ဟာကွက်များကို ရှာဖွေ သုံးသပ် ညွှန်ပြပေးနိုင်ရန် မလေးရှား အခြေစိုက် BDO ကုမ္ပဏီ၏ ဝန်ဆောင်မှုကို ၂ဝ၁၆ ခုနှစ်တွင် ငှါးရမ်း အသုံးပြု ခဲ့သည်။ အဆိုပါ BDO မှ ဖော်ထုတ် ညွှန်ပြခဲ့သည့် ပူးပေါင်း စီမံ အုပ်ချုပ်မှု ဆိုင်ရာ ဟာကွက်များကို ဖြည့်ဆည်း ပေးနိုင်ရန် ဂရိတ်ဟော်ခမ်းသည် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အတွင်း ပြည်တွင်းကုမ္ပဏီ တစ်ခုနှင့် လက်တွဲပြီး လုပ်ဆောင်ခဲ့ သော်လည်း မိမိတို့ လိုအပ်သော စံချိန် စံညွှန်း အတိုင်း မရနိုင်ခဲ့ခြင်းကြောင့် ၂ဝ၁၇ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် Trust Venture Partner ကုမ္ပဏီနှင့် လက်တွဲပြီး ပူးပေါင်း စီမံ အုပ်ချုပ်မှု စနစ်ကို ပြီးပြည့်စုံအောင် ပြုစုလာခဲ့သည်။ ယနေ့တွင် ပူးပေါင်း စီမံ အုပ်ချုပ်မှု စနစ်အတွက် ဟာကွက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်း နိုင်ခဲ့ပြီဟု ဆိုလျှင်လည်း ဆိုနိုင်ပါပြီ။ လက်ရှိ ပူးပေါင်း စီမံ အုပ်ချုပ်မှု စနစ်ကိုလည်း ကုမ္ပဏီ၏ ဒါရိုက်တာ ဘုတ်အဖွဲ့မှ တစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ပြီး တိုးတက် ပြောင်းလဲလာသော လုပ်ငန်း အခြေအနေနှင့် လိုက်ဖက် ဆီလျော်အောင် ပြုပြင်သွားမည်ဖြစ်သည်။

ကောင်းမွန်သော ပူးပေါင်းစီမံအုပ်ချုပ်မှုစနစ်

ကုမ္ပဏီ တစ်ခုတွင် ပူးပေါင်း စီမံ အုပ်ချုပ်မှု စနစ် ကောင်းမွန်လျှင် ကုမ္ပဏီ၏ ယုံကြည် အားကိုးရမှု၊ သမာသမတ်ဖြစ်မှု၊ တာဝန် ကျေပွန်မှု စသည့် အချက်များ အတွက် အစု ရှယ်ယာရှင်များက ယုံကြည် စိတ်ချရသည်။ အရည်အသွေး ရှိသော၊ သမာသမတ် ကျသော စာရင်းစစ် အဖွဲ့ကို ရွေးချယ်ခြင်း၊ စာရင်းစစ် အဖွဲ့ နှင့် ကောင်းမွန်စွာ လက်တွဲ လုပ်ကိုင်ခြင်းသည် စစ်မှန်သော ဘဏ္ဍာရေး အစီရင် ခံစာများကို ရရှိစေနိုင်သည့် အပြင် အဂတိ လိုက်စားမှု များကိုလည်း ကင်းစင် စေနိုင်ပါသည်။ စီမံ ခန့်ခွဲမှု အဖွဲ့နှင့် ဝန်ထမ်းများအား ခံစားပိုင်ခွင့်များကို ထိုက်တန်စွာ ပေးခြင်းသည် အရာရှိများနှင့် ဝန်ထမ်း အပြောင်းအလဲ များကို လျော့နည်း စေနိုင်ပါသည်။ ကောင်းမွန်သော ပူးပေါင်း စီမံ အုပ်ချုပ်မှု စနစ်သည် ဤကဲ့သို့ အများ ပြည်သူနှင့် အစု ရှယ်ယာရှင်များ၏ ယုံကြည် စိတ်ချမှုကို တိုးပွား စေနိုင်ပါသည်။ ဂရိတ်ဟော်ခမ်း၏ လက်ရှိ ပူးပေါင်း စီမံ အုပ်ချုပ်မှု စနစ်တွင် ပါဝင်သော အချက်အလက်များကို အောက်ပါအတိုင်း အကျဉ်းမျှ ဖော်ပြထားပါသည်။

ဒါရိုက်တာဘုတ်အဖွဲ့




ဒါရိုက်တာဘုတ် အဖွဲ့သည် အစု ရှယ်ယာရှင် အားလုံးကို ကိုယ်စားပြုသည့် တာဝန်ခံ အဖွဲ့ဖြစ်သည်။

ဖွဲ့စည်းမှု

ဂရိတ်ဟော်ခမ်း၏ ၂ဝ၁၇-၂ဝ၁၈ နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ၂ နှစ်အတွက် ဒါရိုက်တာ ဘုတ်အဖွဲ့ကို ဒါရိုက်တာ ၉ ဦးဖြင့် ဖွဲ့စည်း ထားပါသည်။ သင်းဖွဲ့စည်းမျဉ်း အတိုင်း လိုအပ်ချက် ပြည့်မီပြီး ဒါရိုက်တာအဖြစ် တာဝန် ထမ်းဆောင်ရန် လျှောက်တင် လာသော ပုဂ္ဂိုလ်များ ထဲမှ ရွေးချယ် တင်မြောက်ထားခြင်း ဖြစ်သည်။ သက်ဆိုင်ရာ လုပ်ငန်း နယ်ပယ် အသီးသီးတွင် ကျွမ်းကျင်မှု ရှိသော၊ မိမိတို့၏ ကျရာ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် နိုင်သော၊ စီးပွားရေး ကျင့်ဝတ်နှင့် ပြည့်စုံသော၊ ကုမ္ပဏီ၏ အကျိုးစီးပွားကို ရှေ့တန်း တင်သော ပုဂ္ဂိုလ်များကို ရွေးချယ် တင်မြောက်ထား ပါသည်။ ပူးပေါင်း စီမံ အုပ်ချုပ်မှု စနစ်အတိုင်း လည်းကောင်း၊ ကုမ္ပဏီ၏ သင်းဖွဲ့ စည်းမျဉ်း အတိုင်း လည်းကောင်း၊ နိုင်ငံတော်၏ ဥပဒေ အတိုင်း လည်းကောင်း လေးစား လိုက်နာပြီး အစု ရှယ်ယာရှင်များ အားလုံး အတွက် ကုမ္ပဏီ၏ စီးပွားဖြစ်မှု တန်ဖိုးကို အကောင်းဆုံး ဆောင်ရွက် ပေးနိုင်ရန် ဖြစ်သည်။

ဒါရိုက်တာ ဘုတ်အဖွဲ့တွင် အမှုဆောင် ဒါရိုက်တာနှင့် လွတ်လပ် ဒါရိုက်တာ ဟူ၍ ၂-မျိုး ခွဲထားသည်။ အမှုဆောင် ဒါရိုက်တာ များသည် ဒါရိုက်တာ ဘုတ်အဖွဲ့နှင့် စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ ၂ ဖွဲ့ လုံးတွင် ပါဝင်သူများ ဖြစ်ပြီး ကုမ္ပဏီ၏ နေ့စဉ် လုပ်ငန်း လည်ပတ်မှုကို ကြီးကြပ် ညွှန်ကြား စီမံ အုပ်ချုပ်ရန် တာဝန်ရှိ ပါသည်။ လွတ်လပ် ဒါရိုက်တာ များမှာမူ နေ့စဉ် လုပ်ငန်း လည်ပတ်မှုမျိုး မဟုတ်သည့် အဓိက ဆုံးဖြတ်ချက်များ၊ မူဝါဒ ချမှတ်ရေးများ၊ ခံစားခွင့် သတ်မှတ်ရေးများ စသည့် နေရာမျိုးတွင် တာဝန်ယူပါသည်။

ဒါရိုက်တာ အဖွဲ့ ၉ ဦးထဲတွင် လွတ်လပ် ဒါရိုက်တာ ၆ ဦး နှင့် အမှုဆောင် ဒါရိုက်တာ ၃ ဦး ပါဝင်ပါသည်။ အချုပ်အားဖြင့် ဒါရိုက်တာ ၉ ဦးတွင် လွတ်လပ် ဒါရိုက်တာ ဦးရေ သုံးပုံနှစ်ပုံ ပါရှိသည်။ ယခင် နှစ်များတွင် လွတ်လပ် ဒါရိုက်တာ ဦးရေထက် အမှုဆောင် ဒါရိုက်တာ ဦးရေက ပိုမို များပြား ပါသည်။ သို့သော် ၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၇-၁၈ ရက် နေ့များတွင် ကျင်းပသည့် နှစ်လ တစ်ကြိမ် ဒါရိုက်တာများ ပုံမှန် အစည်းအဝေး ဆုံးဖြတ်ချက် အရ ဒါရိုက်တာ အဖွဲ့ ဥက္ကဋ္ဌနှင့် အုပ်ချုပ်မှု ဒါရိုက်တာသည် တစ်ဦးတည်း ဖြစ်ခြင်းကြောင့် လွတ်လပ် ဒါရိုက်တာနှင့် အမှုဆောင် ဒါရိုက်တာများ အကြား လုပ်ပိုင်ခွင့် အာဏာများ မျှတမှု ရှိစေရန် အမှုဆောင် ဒါရိုက်တာ ဦးရေထက် လွတ်လပ် ဒါရိုက်တာ ဦးရေ ပိုမို များနေရခြင်း ဖြစ်သည်။

၂။ တာဝန်ဝတ္တရားများ

ဒါရိုက်တာ ဘုတ်အဖွဲ့သည် ကုမ္ပဏီ၏ စီမံ အုပ်ချုပ်မှုနှင့် ပတ်သက်သော မူဝါဒများ၊ အရေးကြီးသော ဆုံးဖြတ်ချက် များနှင့် ကိစ္စရပ်များကို အစု ရှယ်ယာရှင်များ၏ ကိုယ်စား အနေဖြင့် စီမံ ဆုံးဖြတ်ပေးရန် ရွေးချယ် ထားသော ပုဂ္ဂိုလ်များ ဖြစ်သည်။ သာမန်အားဖြင့် ကုမ္ပဏီ၏ အကျိုး အမြတ်များ ဖြစ်ထွန်းရေး၊ စီမံခန့်ခွဲ့မှု အဖွဲ့များ ခန့်ထားရေးနှင့် ခန့်ထားမှုရပ်စဲရေး၊ ကုမ္ပဏီ၏ စွမ်းဆောင်ရည် ကြီးကြပ်ရေး၊ အမြတ်ဝေစု ပမာဏ သတ်မှတ်ရေး၊ မူဝါဒနှင့် မူဘောင်များ ချမှတ်ရေး၊ ခံစားခွင့်များ သတ်မှတ်ရေး စသည့် ကိစ္စရပ် များတွင် အများဆုံး တာဝန်ရှိသည်။ ဖော်ပြပါ တာဝန် ဝတ္တရားများ အပြင် ကုမ္ပဏီ၏ ရည်မှန်းချက် ပန်းတိုင် ချမှတ်ခြင်း၊ ချမှတ်ထားသည့် ပန်းတိုင်သို့ ရောက်အောင် ပံ့ပိုးပေးခြင်း၊ ကုမ္ပဏီ အတွက် အရင်းအမြစ်များ ပြည့်စုံ လုံလောက်မှု ရှိအောင် ပံ့ပိုး ကူညီပေးရန် အတွက်လည်း တာဝန်ရှိသည်။ အချုပ်အားဖြင့် ဆိုရလျှင် ၁) တာဝန်ယူမှုနှင့် တာဝန်ခံမှု၊ ၂) ကုမ္ပဏီ၏ စီမံ ခန့်ခွဲမှု အဖွဲ့ကို ကြီးကြပ် ပံ့ပိုးမှု၊ ၃) မူဝါဒများ ချမှတ်မှုနှင့် ၄) မဟာဗျူဟာများ ချမှတ်ပေးမှု တို့ဖြစ်သည်။

၃။ ကျင့်ဝတ်

ဒါရိုက်တာများသည် ၎င်းတို့၏ တာဝန် ဝတ္တရားများ ပြီးမြောက် စေရန် လိုအပ်သော အချိန်နှင့် ကြိုးပမ်းမှုများ ရှိရမည် ဖြစ်သည်။ နှစ်ပတ်လည် အထွေထွေ ရှယ်ယာရှင်များ အစည်း အဝေး၊ ပုံမှန် ဒါရိုက်တာ ဘုတ်အဖွဲ့ အစည်း အဝေး များကို တက် ကြွစွာ ပူးပေါင်း ပါဝင် ဆောင်ရွက် ကြရမည် ဖြစ်သည်။ ၎င်းတို့သည် တစ်ဦး တစ်ယောက်ချင်း စီ၏ ထင်မြင် ယူဆချက် များကို အပြန်အလှန် လေးစားမှုရှိပြီး စည်းကမ်းတကျ လက်တွဲ လုပ်ကိုင် နိုင်ရမည်။ ရှယ်ယာရှင်များ နှင့် လူမှု အသိုက်အဝန်း များအတွက်လည်း တာဝန်ခံမှု တာဝန်ယူမှုများ ရှိရမည် ဖြစ်သည်။

ဒါရိုက်တာ တစ်ဦးသည် တစ်နှစ်အတွင်း ကျင်းပသော

  • (က) နှစ်လတစ်ကြိမ် ပုံမှန် ဒါရိုက်တာများ အစည်းအဝေး၏ ၇၅%
  • (ခ) အရေးပေါ် ဒါရိုက်တာများ အစည်းအဝေး၏ ၆၅% ထက် မနည်းစေဘဲ တက်ရောက်ရန် လိုအပ်ပါသည်။

၄။ သမာသမတ်ဖြစ်မှု

ဘုတ်အဖွဲ့ဝင် အသီးသီးသည် ဗဟုသုတ ကြွယ်ဝသော၊ အမြော်အမြင် ရှိသော၊ ဓမ္မဒိဋ္ဌာန် ကျသော၊ ဘက်မလိုက်သော ထင်မြင် ယူဆချက်များနှင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် လွတ်လပ်သော အတွေးအခေါ်၊ စိတ်ဖြာ လေ့လာမှု၊ ချင့်ချိန် တွက်ချက်မှုနှင့် ဆုံးဖြတ် လုပ်ဆောင်မှုများ ရှိရမည် ဖြစ်သည်။

ဘုတ်အဖွဲ့ဝင် အသီးသီးသည် အခြားသော ဒါရိုက်တာများ၊ ကုမ္ပဏီ၏ အစု ရှယ်ယာရှင်များနှင့် ကုမ္ပဏီ အပေါ် သစ္စာရှိစွာ လုပ်ကိုင် ဆောင်ရွက်ရမည်။

ဘုတ်အဖွဲ့ဝင် အသီးသီးသည် မိမိတာဝန်နှင့် ပတ်သက်၍ လာဘ်ပေးလာဘ်ယူ ကိစ္စများ၊ ဥပဒေနှင့် မလျော်ညီသော ကိစ္စများကို လုံဝ ငြင်းဆန်ရမည် ဖြစ်ပြီး သမာသမတ် ရှိစွာ လုပ်ကိုင် ဆောင်ရွက်ရမည်။

၅။ ကုမ္ပဏီ၏ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများ

အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများ ဆိုသည်မှာ ဒါရိုက်တာ တစ်ဦးမှ ဆောင်ရွက်ရသော အမျိုးမျိုးသော လုပ်ဆောင်ချက် များတွင် ကုမ္ပဏီ၏ အကျိုးစီးပွားနှင့် ၎င်း၏ အကျိုးစီးပွားများ တိုက်ရိုက် လည်းကောင်း၊ သွယ်ဝိုက်၍ လည်းကောင်း ယှဉ်ပြိုင် ဆောင်ရွက်ရသည့် အခြေအနေများ သို့မဟုတ် ၎င်း၏ လွတ်လပ်စွာ တွေးခေါ် ဆုံးဖြတ်နိုင်မှု အပေါ် သံသယရှိဖွယ် အခြေအနေကို ဆိုလိုသည်။

ဒါရိုက်တာသည် အကျိုးစီးပွား ပဋိပက္ခ ဖြစ်ပွား စေနိုင်သော အထက်ပါ အခြေအနေများကို တတ်နိုင်သမျှ ရှောင်ရှား ရမည် ဖြစ်သည်။ အကယ်၍ အဆိုပါ အခြေအနေ တစ်ခုခု ရှိပါက စာရင်းစစ် ကော်မတီသို့ ပွင့်လင်းစွာ တင်ပြရမည်။

ကော်မတီအဖွဲ့များ ဖွဲ့စည်းမှု

ဂရိတ်ဟော်ခမ်းသည် သက်ဆိုင်ရာ လုပ်ငန်း လည်ပတ်မှု များကို အနီးကပ် စောင့်မတ် ကြီးကြပ်နိုင်ရေး အတွက် ကော်မတီများကို ဖွဲ့စည်းထားပါသည်။ ယင်းတို့မှာ ◆ အကြံပေး ကော်မတီ၊ ◆ စာရင်းစစ် ကော်မတီ ◆ ရာထူး ခန့်ထားရေး နှင့် ခံစားခွင့်သ တ်မှတ်ရေး ကော်မတီ၊ ◆ ပူးပေါင်း စီမံ အုပ်ချုပ်မှု စနစ်နှင့် ဆုံးရှုံးနိုင်ခြေ စီမံ ခန့်ခွဲရေး ကော်မတီ၊ ◆ လူမှု ဝန်းကျင် နှင့် သဘာဝ ပတ်ဝန်းကျင် ပူးပေါင်း တာဝန်ယူမှု ကော်မတီ တို့ဖြစ်သည်။

အဆိုပါ ကော်မတီများ၏ ဆောင်ရွက်ရန် တာဝန်များကို ဒါရိုက်တာ ဘုတ်အဖွဲ့မှ သတ်မှတ်ပေးပါသည်။ ကော်မတီ အသီးသီးမှ ဆောင်ရွက် ပြီးစီးသည့် တာဝန်များကို ဒါရိုက်တာ ဘုတ်အဖွဲ့သို့ ပြန်လည် အစီရင် ခံရမည်ဖြစ်သည်။

ဂရိတ်ဟော်ခမ်းသည် ထိရောက်သော ပူးပေါင်း စီမံ အုပ်ချုပ်မှု စနစ် အတွက် လိုအပ်သော မူဝါဒများ၊ လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်းများနှင့် လက်တွေ့ ကျင့်သုံးနိုင်ရေး အတွက် အကောင်အထည် ဖော်ဆောင်ရန် နည်းလမ်းများကို များသောအားဖြင့် မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် ပြုစုထားပြီး ဖြစ်သည်။ ယင်းတို့ကို အောက်ပါအတိုင်း အကျဉ်းမျှ ရှင်းလင်း တင်ပြ ထားပါသည်။

ပူပေါင်းစီမံအုပ်ချုပ်မှုဆိုင်ရာ မော်ဂျူး

ဤမော်ဂျူးတွင် ဒါရိုက်တာ ဘုတ်အဖွဲ့၊ ဒါရိုက်တာ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ၊ စီမံ ခန့်ခွဲရေး ဘုတ်အဖွဲ့ ၊ အုပ်ချုပ်မှု ဒါရိုက်တာ နှင့် ဒါရိုက်တာ အသီးသီးတို့၏ တာဝန် ဝတ္တရားများ၊ လုပ်ပိုင်ခွင့်များ၊ ဆုံးဖြတ် ပိုင်ခွင့်များနှင့် ရှယ်ယာရှင်များ နှစ်ပတ်လည် အထွေထွေ အစည်းအဝေး တွင် ဆုံးဖြတ်ရမည့် အချက်များ စသည်တို့ကို ဇယားများနှင့် တကွ ရှင်းလင်းစွာ ဖော်ပြထားသည်။ ထို့ပြင် ဘုတ်အဖွဲ့၏ လုပ်ထုံး လုပ်နည်းများ၊ မဟာဗျူဟာ ချမှတ်ရေး လမ်းစဉ်များ၊ ကော်မတီ အသီးသီး၏ မျှော်မှန်းချက်နှင့် တာဝန် ဝတ္တရား များကိုလည်း ဖော်ပြထားပါသည်။

ဒါရိုက်တာ ဘုတ်အဖွဲ့၏ စည်းမျဉ်းစည်းကမ်းများ

ဤစည်းမျဉ်းစည်းကမ်းထဲတွင် ဒါရိုက်တာ ဘုတ် အဖွဲ့ ဖွဲ့စည်းမှု၊ ခန့်ထားမှု၊ ဒါရိုက်တာ ဘုတ် အဖွဲ့နှင့် အခြား ကော်မတီများ တစ်နှစ် အတွင်း အစည်းအဝေး ကျင်းပ ရမည့် အကြိမ် အရေအတွက်၊ အစည်းအဝေး ပြင်ဆင်မှု၊ တက်ရောက်မှု၊ ထမြောက်မှု နှင့် မှတ်တမ်း တင်မှု များတွင် ဆောင်ရွက်ရန် နှင့် လိုက်နာရန် အချက်အလက်များကို ဖော်ပြထားပါသည်။ ဒါရိုက်တာ ဘုတ်အဖွဲ့၏ စည်းမျဉ်း စည်းကမ်းများ အပြည့် အစုံကို ဤနေရာတွင် ဝင်ရောက် ဖတ်ရှု နိုင်သည်။