ဥက္ကဋ္ဌ၏ အိပ်ဖွင့်ပေးစာ

Chairmanစိုင်းရီမွန်
ဒါရိုက်တာများအဖွဲ့ ဥက္ကဋ္ဌ

၂၀၁၅ ခုနှစ်သည် ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်အတွက် အခက်အခဲများစွာ ဖြတ်ကျော်ခဲ့ရခြင်းနှင့်အတူ တက်ကြွလှုပ်ရှားမှုများနှင့် ပြည့်နေသည့်နှစ်တစ်နှစ်ဟု ဆိုနိုင်ပါသည်။ ဤနေရာတွင် ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌအနေဖြင့် ၂၀၁၅ ခုနှစ်အတွင်း ကုမ္ပဏီက အောင်မြင်မှုနှင့်အတူ ဖြတ်ကျော်ခဲ့ရသည့်အခက်အခဲများ၊ ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသည့် အချက်များကို  ရှယ်ယာရှင်များအားလုံး သိရှိနိုင်ရန် ပြောကြားလိုပါသည်။

ဤနေရာတွင် အဓိကထားပြီး ပြောကြားလိုသည်မှာ ရန်ကုန် စတော့အိတ်ချိန်းစာရင်းတွင် ပါဝင်နိုင်ရန် စံချိန်စံညွှန်းမီသည့် ကုမ္ပဏီ ၆ ခုထဲတွင် ဂရိတ်ဟော်ခမ်းကုမ္ပဏီတစ်ခု ပါဝင်နိုင်ခဲ့သည်မှာ ရှယ်ယာရှင်များ အတွက် အားတက်ဖွယ်ရာ တစ်ခုဖြစ်သည်။ ဤကဲ့သို့ ပါဝင်နိုင်ခြင်းမှာလည်း ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ နှင့် စီမံခန့်ခွဲရေးပိုင်းဝန်ထမ်းများအပါအဝင် ကုမ္ပဏီ၏ ဝန်ထမ်းများအားလုံးတို့၏ ရိုးသားကြိုးစားမှု၊ လုပ်ငန်းဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာရှိမှု၊ ကုမ္ပဏီနှင့် နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာစောင့်သိမှုစသည့်အချက်များကြောင့် ဖြစ်သည်ဟု ဆိုလျှင်လည်း ဆိုနိုင်ပါသည်။

သို့သော် ရန်ကုန် စတော့အိတ်ချိန်း ဈေးကွက်ပေါ် အမှန်တကယ် ဝင်ရောက်နိုင်ရေးအတွက်လည်းကောင်း၊ ကုမ္ပဏီ၏ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်ရေးအတွက်လည်းကောင်း ဆောင်ရွက်ရန်လိုအပ်သည့် အချက်များစွာ ကျန်ရှိ နေသေးကြောင်းတွေ့ရှိရသည်။

လွန်ခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့တွင် ဒါရိုက်တာများ၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီ၏ ဖွဲ့စည်းတည်ဆောက်ပုံကို ပြန်လည်ပြောင်းလဲပြင်ဆင်နိုင်ခဲ့သည်။ ပြောင်းလဲပြင်ဆင်ရခြင်း၏ အကြောင်းရင်းမှာလည်း အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကုမ္ပဏီ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း၊ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုပိုင်းတွင် ထိရောက်ပြီးအကျိုးများစေရန်လည်းကောင်း၊ နိုင်ငံတကာအဆင့်မီပြီး အရည်အသွေးကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ် ရရှိနိုင်ရန်လည်းကောင်း၊ ကုမ္ပဏီဝန်ထမ်းများ စိတ်ဝမ်းမကွဲဘဲ လုပ်ငန်းတာဝန်များကို စိတ်ချမ်းသာစွာ၊ စည်းကမ်းရှိစွာဖြင့် တာဝန်ထမ်းဆောင်နိုင်ရန်လည်းကောင်း ရည်ရွယ်ပြီး ပြုပြင်ပြောင်းလဲခဲ့သည်။ ပြုပြင်ပြောင်းလဲခြင်းနှင့်အတူ စီးပွားရေး, နည်းပညာနှင့် ဥပေဒဆိုင်ရာ အကြံပေးကော်မတီ၊ စာရင်းစစ်ကော်မတီ၊ ရာထူးခန့်ထားရေးနှင့် ခံစားပိုင်ခွင့် သတ်မှတ်ရေးကော်မတီ၊ ပူးပေါင်းအုပ်ချုပ်မှုနှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု
ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ပူးပေါင်းတာဝန်ယူမှုကော်မတီ စသည်ဖြင့် ကုမ္ပဏီ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးပိုင်းဆိုင်ရာများတွင် လိုအပ်သော ကော်မတီအဖွဲ့များကိုလည်း ဖွဲ့စည်းနိုင်ခဲ့သည်။

ကုမ္ပဏီ၏ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာများနှင့်ပတ်သက်ပြီး မရှိသေးသည့် မူဝါဒနှင့် စည်းမျဉ်းစည်းကမ်း များကို ရေးသားချမှတ်ရန် ပြင်ဆင်ထားလျက်ရှိပြီး ချမှတ်ပြီးဖြစ်သော မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများကိုလည်း ပိုမို
ထိရောက်ကောင်းမွန်အောင် အခါအားလျော်စွာ ပြင်ဆင်သွားမည်ဖြစ်သည်။ လက်ရှိ ချမှတ်ပြီးသော ကုမ္ပဏီ၏ မူဝါဒများမှာ (၁) အဂတိလိုက်စားမှု တိုက်ဖျက်ရေးမူဝါဒ၊ (၂) လူမှုဝန်းကျင် ပူပေါင်းတာဝန်ယူမှုမူဝါဒ နှင့် (၃) ဒါရိုက်တာများ ခံစားပိုင်ခွင့် မူဝါဒတို့ဖြစ်သည်။

ယနေ့အထိ ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီအပေါ် ယုံကြည်မှုပြည့်ဝစွာ ထားရှိခဲ့သည်သာမက အထောက်အပံ့ အမျိုးမျိုးပေးခဲ့ကြသော ရှယ်ယာရှင်များ အားလုံးကို ဒါရိုက်တာနှင့် စီမံခန့်ခွဲရေးအဖွဲ့များအားလုံး၏ ကိုယ်စား အထူးကျေးဇူးတင်ရှိပါသည်။ရှေ့ဆက်ပြီး ရေရှည် စဉ်ဆက်မပြတ် တိုးတက်အောင်မြင်သော၊ အားလုံးသော ရှယ်ယာရှင်များအတွက် အကျိုးအမြတ်များကို ခိုင်မာစွာ ဖြစ်ထွန်းစေသော၊ စီးပွားရေးကျင့်ဝတ် လမ်းစဉ်များကို လိုက်နာသော၊ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာပြုကျင့်သော၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် ဝန်ထမ်းများကို မွေးထုတ်ပေးနိုင်သော၊ လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အတွက် ပူးပေါင်းတာဝန်ယူမှုရှိသော ကုမ္ပဏီကြီးတစ်ခုဖြစ်အောင် အတိုင်းထက်အလွန် ကြိုးစားဆောင်ရွက်သွားမည်ဟု ရှယ်ယာရှင်များအားလုံးအား ဤနေရာတွင် ကတိပြုအပ်ပါသည်။